(၁) ချစ်လှစွာသော ဗိုလ်ချုပ်
အတိုချုပ်၍ ကျွန်ုပ်တင်ပြပါမည်
ဗိုလ်ချုပ်မရှိသည့်နောက်
၆၂ ခုလောက်ထင်ပါသည်
ဖနောင့်တို နဖူးမောက်
နှာယောင်ကောက်ကောက်
ဦးဏှောက်မသန်စွမ်းတဲ့
ခြေလက်ဆော့ မျောက်တွေရဲ့ အတ္တလက်မှာ
မြန်မာပြည် ကျရောက်ခဲ့ပါတယ်။
(၂) အရှေ့တောင်အာရှရဲ့
မဟာစနေဂြိုဟ်ဆိုး
သည်းခြေပျက် မျောက်ရူးမျိုးတွေဟာ
အခိုးရမ္မက်လွှမ်းတဲ့ မျက်လုံးတစ္ဆေ
ရက်စက်ကြမ်းတမ်းတဲ့ လက်စုန်းကဝေ
ခြောက်သွေ့ပူပြင်းတဲ့ ပါးစပ်ဥပဒေ
ပုပ်ပွနံစော်တဲ့ ယတြာနတ်မှူးတွေနှင့်
အထူးပြည့်စုံ ဘုန်းမီးနေလတောက်စွာ
မြန်မာပြည်ကို နာဇီလို အုပ်ချုပ်ခဲ့ကြပါတယ်။
(၃) တန်ခိုးအာဏာနှင့် သူခိုးရာဇာတို့ကြား
သွေးစုတ်ခံ ပြည်သူတို့ အများစုမှာ
လွတ်လပ်ရေးအရသာ ချိုသတဲ့လား
ဒီမိုကရေစီဆိုတာ ချိုနဲ့လား
ယောင်ဝါးဝါးပါဘဲ
မျောက်သမီးသား၊ ဇနီးမယားတို့အတွက်
လယ်ထွက် ယာထွက် တွင်းထွက် စက်ရုံထွက်
သွေး . . . ချွေးစက်နှင့် ပေးဆက်ရင်း
မြင်းမိုရ်ထိပ်ဖျား၊ ကုန်ဈေးနှုန်းကြားမှာ
အားငယ်ခြင်း နှလုံးမသာယာခြင်း
စိတ်ဓါတ်ကျခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း
ဆင်းရဲခြင်း ဒုက္ခသံသရာမှာ
နှစ် (၂၀) ကျော်ကြာ၊ မဟာအုတ်မြစ်
ဂုတ်ညှစ်လို့ နေပါတယ်။
(၄) ကိုယ်ယူကိုယ်ရစနစ်နှင့်
အလိုတူ အလိုကျဖြစ်အောင်
စစ်ခေါင်းဆောင်နောက် ခြေဖ၀ါး
ခံစားတဲ့ ၀ံပုလွေ မြေခွေး
ညစ်ထေးတဲ့ လက်နှီးစုတ်စိတ်ဓါတ်
လူသတ်တဲ့ လက်ညှိုးနှင့် ကျည်ဆံ
တယူသန်ဝါဒ အဆိုးမာန
ငါ့နာဇီ၊ ငါ့ မဆလ ယ၊ ငါကွ ဒေါသကုမ္မာရ
အဖာဗလပွ အာဏာမကျရေးအတွက်
အပြစ်မဲ့ ပြည်သူ့သွေး
ခြေဆေးလို့ နေပါတယ်။
(၅) နွားချေးအတွင်းခံ အပြင်ယံရွှေမှုန်ကျဲ
မျက်နှာမွဲ စဏ္ဍာလ
ဒေ၀ါလီခံဘ၀ တက်ကြွစွာ ချီတက်ရင်း
စီးပွားရေး ကျန်းမာရေး ပညာရေး
တစ်ရေးမှမအောင်မြင်၊ ခွေးမျှ မဟောင်ချင်အောင်
(စင်ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ ဟောင်ကောင်)
အာရှနဂါး၊ လေးကောင်ကြားမှာ
တီကောင်မျှလားလား မဖြစ်ခဲ့ပါ
ကွာ . . . ၂၆ နှစ်
သောက်ဖြစ်က မတန်
ကုလ၊ အမေရိကန်၊ ရုရှား၊ ဂျပန်
ဂျာမဏီ၊ ပြင်သစ်နဲ့ အင်္ဂလန်
အာရှဖွံ့ဖြိုးရေးဘဏ်
မြန်မာမှန်ရင် နိုး နိုး - - -
ရှိကြီးများ ခိုးပါသတဲ့။
(၆) အို . . . ချစ်လှစွာသော ဗိုလ်ချုပ်
အတိုချုပ်၍ ကျွန်ုပ်တင်ပြပါဦးမည်
အရင်းအမြစ် သယံဇာတ ပေါကြွယ်ဝပါတဲ့
သာယာလှပ ချစ်စရာ့ အမိမြန်မာ
ယဉ်ကျေးမှု ဓလေ့၊ သိမ်မွေ့နူးညံ့ရာတဲ့
ဗုဒ္ဓအဘိဓမ္မာနှင့် ချစ်စရာ့ အမိမြန်မာ
အနှီပါ မြန်မာကား
မသတီစရာ အာဏာရူးခွေးတွေကြောင့်
ပဋာလူး သွေးမြေခရပြီး
အကြွေးတွေ လည်မှာ နင့်ပါလို့
တွယ်ရာမင့် အမှောင်ကမ္ဘာမှာ
ပေါင်စရာ ဖင်သာရှိတော့တာမို့
ယောင်ချာချာ အသက်ရှူဆုံးတော့မယ်
ပိသုကာရယ် . . .
ကြည့်လှည့်ပါဦး။
(၇) ချစ်လှစွာသော ပိသုကာဗိုလ်ချုပ်
ကျွန်ုပ် တပ်လှန့် ဆော်သြပါရစေ
အို - သစ္စာရှိ တော်လှန်ရေး ရဲဘော်အပေါင်းတို့
ခါးတောင်းကြိုက် မဖြုတ်
လက်သီးဆုပ် မဖြည်ကြကုန်လင့်
ခင်ဗျားတို့ ကျုပ်တို့လို ရွှေဟင်္သာတွေက
စစ်ဘီလူး ကျီးကောင်တွေရဲ့ စကားကို
နားထောင်ဘို့ မလိုဘူး
ဦးညွတ်ဘို့ မလိုဘူး
အောင်ပွဲဆိုတာ တိုက်ရဲသူအတွက် ဖြစ်တယ်
ပြည်တော်ချစ် စိတ်ဓါတ်မွေး
သတ္တိသွေးကို ပြကြပါကုန်လော့
ပိုးလိုးပက်လက်လန် ပြည်နိုင်ငံကို
မြိုင်ဆိုင်စွာ ကယ်တင်ကြပါကုန်လော့။ ။
နေကြာ (သို့မဟုတ်) သောကရာဇ၀င်ကို ဖတ်ကြားခြင်း
နွယ်ကြိုးအရှုပ်၊ သွယ်တိုးချုပ်လို့
မလှုပ်သာအောင်၊ တုပ်ကာနှောင်လျက်
လှောင်တိုက်အလွမ်း၊ လောင်မြိုက်ကျွမ်းပစေ
အကန်းအဖြစ်၊ အရမ်းနှစ်ပြီး
အပြစ်မထား၊ ချစ်တရားနဲ့
ခံစားမွေ့လျော်၊ ကျွန်တော်နေကြာ။
ခ၀ါချထား၊ မာနများလည်း
ဖ၀ါးနုအောက်၊ အားပြုမှောက်လျှက်
မြွေဟောက်အသေ၊ ကြွေခြောက်နေသလို
ဟန်တွေမပြ၊ မာန်ဖြေချလို့
တစ်စမဖြုံ၊ ဘ၀ဘုံမှာ
ကြုံသလိုပျော်၊ ကျွန်တော်နေကြာ။
ညှာနွဲ့ပလီ၊ ကြာခဲ့ပြီနော်
ရွှေရည်အဆင်း၊ ဝေစည်လင်းတဲ့
နေမင်းကလေး၊ ကြွေဆင်းပေးမလား
အတွေးပိုက်မိ၊ ငေးစိုက်ကြည့်လျှက်
သက်ရှိအခြေ၊ မျက်စိတွေတောင်
ဂဟေဆက်ကာ၊ ရွှေမျက်နှာနဲ့
အသာလွှဲထွက်၊ ခွာမခွဲရက်လို့
အဆက်လေးဖြစ်၊ အသက်ပေးနှစ်ပြီး
အချစ်မူးမော်၊ ကျွန်တော်နေကြာ။
ရွှေအဆင်းရှင်၊ နေမင်းခင်ရယ်
အကြင်နာတွေ၊ ရင်မှာဝေပြီး
နေကြာကျွန်တော်၊ မြေလွှာပေါ်မှ
ရူးရော်အလွမ်း၊ ဖူးမြော်မှန်းလည်း
သုံ့ပန်းသဏ္ဍာန်၊ တုံ့ကမ်းပြန်ကာ
မာန်ဆိုးမပြေ၊ ရန်ငြိုးတွေနဲ့
ဝေယှက်အပူ၊ ကြေပျက်ဆူအောင်
အယူယွင်းလျှက်၊ သူညှဉ်းရက်လို့
အေးကွက်မပေါ်၊ ကျွန်တော်နေကြာ။
မာန်တလူလူ၊ အလံထူကာ
အပူထုများ၊ သူပြုစားလို့
အမှားကြီးစွာ၊ ခါးသီးပါရဲ့
နေကြာအရွက်၊ မြေမှာသက်ပြီ
ရွှေခက်အပွင့်၊ ကြွေပျက်လွင့်လျှက်
ရင်နင့်စရာ၊ မြင်သင့်ပါလည်း
ဗလာရိုးတံ၊ ၀ါညှိုးကျန်တောင်
ရန်စိတ်မစွဲ၊ အံကြိတ်ခဲပြီး
အမြဲညှဉ်းစေ၊ ဇွဲတင်းဖြေမယ်
မြေထက်နွမ်းရော်၊ ကျွန်တော်နေကြာ။
ကွယ် - - ယုံဖို့မကြွား၊ ငုံလို့ထားချင်
စကားအလိမ်၊ ပျားမစိမ်ပါ
မထိမ်ကွယ်ပဲ၊ ကျိန်တွယ်ရဲတယ်
ကြိတ်ခဲမလုံ၊ ဖိတ်ကွဲကုန်လျှက်
မြုံတောင်မဖြစ်၊ တုန်အောင်ချစ်လည်း
စစ်တွက်မနေ၊ ပြစ်ချက်ဖွေတဲ့
“နေ” ရဲ့ပမာ၊ ချွေဖဲ့တာတောင်
“နေကြာ” ကလေး၊ ဝေဒနာမွေးသလို
သူလေးအပါး၊ မူအရေးထားလျှက်
သြော် - - မှားခဲ့ပစေ၊ တရားနဲ့ဖြေပြီး
ကံခေမဆုံး၊ ဒဏ်တွေဖုံးလို့
အရှုံးတွေပိုက်၊ ပြုံးနေလိုက်မယ်။ ။
တို့လူမျိုး
တို့လူမျိုးကား၊
ဖွံ့ထွားကျစ်လျစ်၊ မောင်းလက်ဆစ်နှင့်
ဖုထစ်ထွားကျိုင်း၊ ပြိုင်းရရိုင်းတည့်
နက်ရှိုင်းတွေးလျက်၊ သတ္တိဖက်ပြီး
မြင့်တက်စာပေ၊ ဖွံ့ဖြိုးဝေ၏
ဖြာဝေအနု၊ ပန်း - ပန်းပုနှင့်။
ပိသုမဟာ၊ ကြီးမားပါသော
မြန်မာလူမျိုး၊ ဖြစ်တကား။
တို့လူမျိုးလျှင်
ရိုးသားတည်ကြည်၊ ဖော်ရွေစည်ပြီး
လှူသည်ပေးကမ်း၊ ဒါနလျှမ်း၏
စိတ်ဝမ်းချမ်းမြ၊ နှလုံးလှမှ
ကြည်စွမေတ္တာ၊ ပေးပို့ပါသည်
ကမ္ဘာလူသား၊ မာစေသား။
တို့လူမျိုးလျှင်
ကိုယ်ကျိုးမဖက်၊ များကျိုးတွက်သာ
ရည်လျှက်ဆောက်ထား၊ ဇရပ်များနှင့်
တံတားလည်းကူး၊ ရေတွင်းတူး၏
ညွတ်နူးမေတ္တာ၊ ကြီးမားပါသော
မြန်မာလူမျိုး၊ စိတ်တန်ခိုး။
တို့မြေကြီးမှ
ဖွဲ့စည်းသစ်တော၊ ပေါလည်းပေါ၏
မြကြောပတ္တမြား၊ များလည်းများ၏
ကျောက်သားသတ္ထု၊ အစုစုလည်း
တစ်ခုမကျန်၊ ပေါပြည့်လျှံ၏
ရေနံလည်းရ၊ ဖြိုးကြွယ်ဝ၏
ထကြွနိုးကြား၊ တိုင်းရင်းသားတို့
စိတ်အားရုပ်အား၊ နှစ်ဆပွား၍
ကြိုးစားသမှု၊ တို့လျှင်ပြုသော်
ရှေးရှုပြည်သစ်၊ တို့၏ခေတ်သို့
ထွန်းသစ်တည်ဆောက်၊ နိုင်မည်တကား။ ။
အမြင်မှန်
အမေကဆဲဆိုလျှင်
ရင်ထဲမှာ နာမိ၊
အမေ့ပေါ် မျက်မာန်ငြိုး
စိတ်ဆိုးခဲ့၏။
အဖေက ရိုက်နှက်လျှင်
ရင်ထဲမှာ နာမိ၊
အဖေ့ပေါ် ဒေါသထား
ပြစ်မှားခဲ့၏။
အချိန်တန် အရွယ်ရောက်
လူလားမြောက် လာသောခါ
ချစ်ကြင်ယာ သားသမီးနဲ့
ဆုံဆည်းတွေ့လာ။
အမေ့ရဲ့မေတ္တာ
ခုခါမှသိ၊
အဖေ့ရဲ့စေတနာ
ခုခါမှသိ။
ကလေးရွယ် ငယ်စဉ်ခါက
ဆဲဆိုကာ ဘယ်လိုရိုက်သော်လည်း
မမိုက်အောင် လိမ္မာစေဘို့
မေတ္တာတွေ အနန္တနဲ့
ချစ်တာတွေ သက်သေပြသည်လို့
သားသက်ဝေ အရွယ်ရကာမှ
တွေးဆကာ စာနာပွား
နားလည်လာမိ။ ။
လူသား၏ အတ္တ
အရူးဆိုက၊ ခံခက်လှ၏
ငါမှငါသာ၊ ကောင်းသူတည်း။
လူသာမှန်လည်း
နာမ်ဆောင်သည့်ရုပ်။ ရုပ်ဆောင်သည့်နာမ်
ဖောက်ပြန်သည့်အား၊ လှုပ်ရှားရုန်းကန်
စိတ်သည်းထန်၍၊ မျက်မာန်သင့်စဉ်
မပြုံးချင်၊ မီးလျှင်တောက်လု
ပေါက်ကွဲလု။
သည်မှတဖန်၊ မျက်မာန်မရှိ
အေးငြိမ်းဘိ၍
ပီတိရွှန်းဝေ၊ သောကပြေ၍
ကျေနပ်ကြည်နူး၊ ရှိခဲ့ဖူးသော်
ပျော်ရွှင်စိတ်ဖုံး၊ သည်နှလုံးကြောင့်
အပြုံးလည်းလွင်၊ အပြင်လည်းလှ
နှုတ်ချိုစနှင့်၊ အလှတွေချည့်
တစ်ကိုယ်တည်းဝယ်၊ ပြုံးရိပ်လွယ်၍
မိုးနှယ်မမှိုင်း၊ မရိုင်းဆိတ်ဆိတ်
သည်တစ်စိတ်တည်း၊ လူဖန်တီး၍
ပူမီးငြိမ်းရာ၊ သူ့မျက်နှာ
ကြည်သာကင်းရှင်း၊ လနှယ်လင်းခဲ့။
သြော် - ရုပ်နှင့်နာမ်တွဲ
ဆဲလ်နှင့်ဖွဲ့စည်း၊ နှလုံးသည်းစု
ခံစားမှုတွင်၊ အရိပ်ထင်ပြီး
အသွင်ကူးပြောင်း၊ အဟောင်းအသစ်
ဖြစ်တတ်သလို၊ အရူးဆိုလည်း
အတ္တစွဲရင်း၊ ကြွေးဆဲကြော်ဆဲ
ငါ မစဲသည်
တတ်ဘဲတတ်နိုင်လွန်းတကား။ ။
0 comments:
Post a Comment